International News

ယူနိုက်တက်ကင်းဒမ်း(UK)နှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းကော်မတီစတင်ဖွဲ့စည်း

Last Updated:

ယူနိုက်တက်ကင်းဒမ်း(UK)နှင့် ထိုင်းနိုင်ငံတို့သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ပထမဦးဆုံး စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းကော်မတီ(JETCO)ကို စတင်ဖွဲ့စည်းခဲ့သည်။ နှစ်နိုင်ငံ ကုန်သွယ်မှုအတွက် အခွင့်အလမ်းသစ်များ ရှာဖွေဖော်ထုတ်ရန်၊ စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုရှိသော ကုန်သွယ်ရေးဆိုင်ရာအတားအဆီးများကို ပူးပေါင်းဆွေးနွေး အဖြေရှာရန် ရည်ရွယ်၍ အဆိုပါကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ နှစ်နိုင်ငံကိုယ်စားလှယ်များအနေဖြင့် ဒီဂျစ်တယ်စီးပွားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍများ အပါအဝင် ကဏ္ဍအသီးသီး၌ လက်တွဲလုပ်ကိုင်သွားရန် ဆွေးနွေးခဲ့ကြသည်။

လွန်ခဲ့သော(၅)နှစ်တာကာလ အတွင်း ထိုင်း- ယူနိုက်တက်ကင်းဒမ်း ကုန်သွယ်မှုသည် ၂၀၁၇ နှစ်၌ အမေရိကန် ဒေါ်လာ(၇)ဘီလီယံရှိခဲ့ရာမှ ၂၀၂၁ ခုနှစ် တွင် အမေရိကန်ဒေါ်လာ (၅.၅) ဘီလီယံသို့ ကျဆင်းသွားခဲ့ပါသည်။ ယူနိုက်တက်ကင်းဒမ်းသည် ထိုင်းနိုင်ငံ၏ (၂၂)နိုင်ငံမြောက်အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး ထိုင်းကုန်သွယ်မှုတန်ဖိုးစုစုပေါင်း၏ (၁) ရာခိုင်နှုန်းရှိသည်။ ထိုင်းနိုင်ငံသည် ယူနိုက်တက်ကင်းဒမ်း ၏(၄၀)နိုင်ငံမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကာ ယူနိုက်တက်ကင်းဒမ်း ကုန်သွယ်မှုတန်ဖိုးစုစုပေါင်း၏ (၀.၄)ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ဒီဂျစ်တယ်စီးပွားရေးကဏ္ဍတွင် ထိုင်းနိုင်ငံ၊ ဒီဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဝန်ကြီးဌာနနှင့် ယူနိုက်တက်ကင်းဒမ်း နိုင်ငံ၊ ဒီဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစားဆိုင်ရာ ဝန်ကြီးဌာနတို့အကြား ဒီဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

စိုက်ပျိုးရေး၊ စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍတွင် ထိုင်းနိုင်ငံနှင့် ယူနိုက်တက်ကင်းဒမ်း တို့သည် စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုဆက်ဆံရေး တိုးမြင့်လာနိုင်မည့် ကိစ္စရပ်များအပေါ် နှစ်စဉ်ဆွေးနွေး အဖြေရှာသွားကြမည်ဖြစ်သည်။ ဈေးကွက်ရရှိရေးနှင့် မူဝါဒဖလှယ်မှုမြှင့်တင်ရေးတို့သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် အရေးကြီးသော ကဏ္ဍများ ဖြစ်ကြသည်။ ထိုင်းနိုင်ငံအနေဖြင့် ခေတ်မှီစိုက်ပျိုးရေး နည်းပညာနှင့် စိုက်ပျိုးနည်းစနစ်များ၌ အသိပညာနည်းပါးခြင်းကဲ့သို့ စိုက်ပျိုးရေးကဏ္ဍ၏ စွမ်းဆောင်ရည် မပြည့်ဝမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဗြိတိန်စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်လိုခြင်း ဖြစ်သည်။

ကျန်းမာရေးကဏ္ဍ၌ နှစ်နိုင်ငံစလုံးက ကျန်းမာရေးဆိုင်ရာထုတ်ကုန်များ ဝယ်ယူတင်သွင်းနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေသွားကြမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ၏ ဆေးဝါးကုသရေးဆိုင်ရာကိရိယာများ တင်ပို့မှုတန်ဖိုးမှာ အဆိုပါကိရိယာများ၏ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၂.၆) ဘီလီယံ၏ နှစ်ဆနီးပါးရှိပြီး၊ အမေရိကန်ဒေါ်လာ (၅) ဘီလီယံ တန်ဖိုးရှိကြောင်း သိရှိရပါသည်။

ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများကဏ္ဍ၌ ထိုင်းဗဟိုဘဏ်သည် ဘဏ္ဍာရေးကဏ္ဍဆန်း သစ်တီထွင်မှု၊ စီးပွားရေးလုပ်ငန်းများ စီမံအုပ်ချုပ်မှုမြှင့်တင်ခြင်း၊ ဘဏ္ဍာငွေရေရှည်တောင့်တင်း ခိုင်မာရန်နှင့် စာရင်းဆိုင်ရာစံချိန်စံညွှန်းများ ပိုမိုအားကောင်းစေရန် ယူနိုက်တက်ကင်းဒမ်းနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန်ရှိနေပါသည်။

Source: Aseanbriefing

ကောင်းထွဋ်အောင် (ကုန်သွယ်/ဖွံ့ဖြိုး)

Category: International News